မေမေ့သမီးလေး: သီလဆင်က လူတိုင်းလှ

6/19/08

သီလဆင်က လူတိုင်းလှ

မြန်မာဆိုရိုးစကားမှာ တောင်းမှာ အကွပ်၊ လူမှာအ၀တ်ဆိုတဲ့ စကားကြားဘူးမယ်ထင်ပါတယ်။
အဲဒီဆိုရိုးစကားနဲ့ပတ်သက်ပြီး ၀တ်စားဆင်ယင်မှုနဲ့ ဆက်နွယ်ကာ ကျွန်မစဉ်းစားမိတာလေးပါ။
လောကလူသားတွေ ၀တ်ဆင်နေကြတဲ့ အ၀တ်တွေမှာ ယောက်ျားဝတ်၊ မိန်းမ၀တ်လို့ ခွဲခြားမှု ရှိနေပါတယ်။ ယောက်ျားဝတ်ကို ယောက်ျားက ၀တ်စားဆင်ယင်မှ အဆင်ပြေပါတယ်၊ တင့်တယ်ပါတယ်။ မိန်းမ၀တ်ကို မိန်းမက ၀တ်စားဆင်ယင်မှ တင့်တယ်ပါတယ်၊ အဆင်ပြေပါတယ်။ ယောက်ျားတွေရဲ့ အ၀တ်ကို မိန်းမက၀တ်ရင်၊ မိန်းမတွေရဲ့ အ၀တ်ကို ယောက်ျားက၀တ်ရင် အဆင်မပြေ မတင့်တယ်တဲ့အပြင် လူရယ်စရာသာ ဖြစ်လာပါတော့တယ်။
ဒါ့အပြင် လူငယ်၊ လူလတ်၊ လူကြီးဆိုတဲ့ အရွယ်သုံးပါးမှာ ကိုယ့်အရွယ်နှင့်သင့်တော်တဲ့ အ၀တ်များကို ၀တ်စားဆင်ယင်မှသာ အဆင်ပြေကာ တင့်တယ်ပါတယ်၊ အမျိုးသမီးကလေးတွေဝတ်တဲ့ အ၀တ်မျိုးကို ၇၀-အရွယ်၊ ၈၀-အရွယ် အမယ်အိုတွေဝတ်ဆင်ပါက “အမယ်ကြီးနှယ် ဖြစ်မှဖြစ်ရပါပေတယ်၊ သေခါနီးလို့ ရိက္ခာယူလိုဟန်တူတယ်လို့ လူအများကဲ့ရဲ့စရာ ဖြစ်လာတတ်ပါတယ်၊ ကာလသားအ၀တ်မျိုးကို အဖိုးအိုများ ၀တ်ပြန်ရင်လဲ “ဒီအဖိုးကြီးက သူငယ်ပြန်လာဟန်တူတယ်”လို့ လူများကဲ့ရဲ့စရာ ဖြစ်လာပါတယ်။
ဒါပေမယ့်…သီလဆိုတဲ့ အ၀တ်ကတော့ မတော်တဲ့သူရယ်လို့ မရှိပါ၊ မိန်းမက ၀တ်ဆင်ရင်လဲ မိန်းမနှင့်တော်တာပဲ၊ ယောက်ျားက ၀တ်ဆင်ရင်လဲ ယောက်ျားနှင့် တော်တာပဲ၊ အရွယ် ၃-ပါးမှာလဲ မတော်တဲ့အရွယ်ရယ်လို့ မရှိပါ၊ ကလေးက ၀တ်ဆင်ရင်လဲ “ဒီကလေးဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ တယ်တော်တာပဲ”လို့ ချီးကျူးစရာ ဖြစ်လာပါတယ်၊ လူလတ်ပိုင်းက ၀တ်ဆင်ရင်လဲ “ဒီလူက တယ်တော်တယ်၊ ပျော်ပျော်ပါးပါးနေရမယ့် အချိန်မျိုးမှာ သီလစောင့်ထိန်းနိုင်ပါပေတယ်”လို့ ဂုဏ်တင်စရာသာ ဖြစ်လာပါတယ်၊ လူကြီးပိုင်း ၀တ်ဆင်ပြန်ရင်လဲ “ဒီလူဟာ အရွယ်နှင့်လိုက်ဖက်အောင် တော်ပါပေတယ်၊ ကောင်းပါပေတယ်”လို့ နှစ်သက်ကြမယ်သာ ဖြစ်ပါတယ်။
ဒါ့ကြောင့် မိမိတို့ရဲ့ ဂုဏ်ရည်တင့်အောင် ဘ၀လည်းလှ လူလည်းလှအောင် အလှပြင်လိုသူတိုင်း သီလ-ဆိုတဲ့ အ၀တ်ကိုပါ ၀တ်ဆင်ထားစေလိုသော ဆန္ဒဖြင့်…

No comments: